ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကျင်းပ
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်
ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသားကျန်းမာရေးနှီးနှောဖလှယ်ပွဲ (National Health Seminar to establish the Federal Health System) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကျန်းမာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC – Health)၊ အမျိုးသားကျန်းမာရေးကော်မတီ (NHC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမျိုးသားကျန်းမာရေးကောင်စီ (National Health Committee) ဖွဲ့စည်းတည်ထောင်ခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၀၂၂) ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၁၂း၀၀) နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ ကောင်စီဝင်နှင့် ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခူးဦးရယ်၊ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ် ပဒိုစောဒိုင်းမွန်းခင်၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်၊ မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့ (CTF) ဥက္ကဋ္ဌ ဒေါက်တာစင်သီယာမောင်၊ အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒိုမန်းမန်း၊ အမျိုးသားကျန်းမာရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဧည့်သည်တော်စုစုပေါင်း (၁၇၄) ဦး တက်ရောက်ခဲ့ပါသည်။
နှီးနှောဖလှယ်ပွဲကို ကျန်းမာရေးဆိုင်ရာ ကဏ္ဍ (၅) ရပ်ဖြစ်သည့်
(၁) ကျန်းမာရေးဆိုင်ရာ မူဝါဒများ (Health Policies)
(၂) ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် (Human Resources for Health)
(၃) လူတိုင်း လက်လှမ်းမီရရှိနိုင်သော ကျန်းမာရေးလွှမ်းခြုံမှု (Universal Health Coverage)
(၄) ကျန်းမာရေးစနစ်တွင် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများ (Current Challenges on Health System)
(၅) လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု (Occupational Safety and Health)
တို့ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး စာတမ်းစုစုပေါင်း (၂၂) စောင်အား တင်သွင်းဖတ်ကြားသွားမည် ဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးဆုံးပြီးနောက် နှီးနှောဖလှယ်ပွဲ၏ ပထမနေ့အစီအစဉ်အဖြစ် ကျန်းမာရေးမူဝါဒဆိုင်ရာ စာတမ်း (၄) စောင် တင်သွင်းဖတ်ကြားခဲ့ပါသည်။ Moderator များအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားကျန်းမာရေးကော်မတီ ဒုဥက္ကဋ္ဌ (၂) နှင့် ကရင်နီပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ခူးပလူးရယ်တို့က ဆောင်ရွက်ခဲ့ကြပြီး နှီးနှောဖလှယ်ပွဲ၏ ပထမနေ့အစီအစဉ်ကို ညနေ (၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။















Published on: 6 September 2022
Last Updated: 6 September 2022